Monday, 11 March 2013

မြန်မာနိုင်ငံသားပထမဦးဆုံးဆရာဝန် (မွန်အမျိုးသားဒေါက်တာရှောလူး)


အနောက်တိုင်းဆေးပညာရှင်ဆရာဝန်ဖြစ်သူမှာ မွန်အမျိုးသား ဒေါက်တာရှောလူးဖြစ်ပါ သည် ။ ဒေါက်တာရှောလူးကို(၁၈၃၉)ခုနှစ် နိုင်ရွှေသက်၊ မိဖွားလှတို့က မော်လမြိုင်မြို့ တွင်ဖွားမြင် ခဲ့သည်။ မိခင်မှာမွန်ဘုရင်ဗညားဒလ၏ ညီတော်မြဝတီမြို့စား(ဗရဲ့ပတိုင်း) ၏ မြစ်တော် စပ်သူ ဖြစ်ပါသည်။ မိဘများမှာ နှစ်ခြင်းခရစ်ယာန် ဘာသာဝင်များဖြစ်ပြီး မင်းရှောလူးကိုလည်း ဆရာယုဒသန်က ၁၈၅ဝ ပြည့်နှစ်တွင် နှစ်ခြင်းခံပေးခဲ့သည်။ မင်းရှောလူးသည် ငယ်စဉ်ကပင် ပညာဗဟုသုတ လိုလားသူဖြစ်သဖြင့် ၁၇နှစ်အရွယ်တွင် ကာလကတ္တားသို့ စွန့်စား သွားရောက် ခဲ့သည်။ ထိုစဉ်ကမော်လမြိုင်မြို့မှာ ဗြိတိသျှ လက်အောက်သို့ ကျရောက်နေပြီဖြစ် သဖြင့်   မော်လမြိုင် မြို့မှ အိန္ဒိယနိုင်ငံဆိပ်ကမ်းများသို့ သင်္ဘောဖြင့် တိုက်ရိုက်သွားလာနိုင်ကြသည်။


မင်းရှောလူးကာလကတ္တား၌ ပညာဆည်းပူးနေစဉ်အတွင်း ၁၈၅၇ခုနှစ်တွင် အိန္ဒိယစစ်ဗာရီ များ၏ တော်လှန် မှုဖြစ်ပွားလာရာ ပညာတစ်ပိုင်းတစ်စ ဖြစ်ခဲ့ရသည်။ သင်္ဘောဆိပ်တွင်ယောင် လည်လည် ဖြစ်နေစဉ် အမေရိကန် သို့ သွားမည့်သင်္ဘောတစ်စင်း ဆိပ်ကမ်းသို့ဆိုက်ရောက် လာသည်။ မင်းရှောလူးက သင်္ဘောထက် တက်ရောက်လေ့လာသည်။ ထိုအချိန်၌ မြန်မာနိုင်ငံ သုံးဆယ်မြို့တွင်သာသနာပြုလုပ်ငန်း ဆောင်ရွက်နေသူ ဆရာမကြီးမစ္စမာရီယာ အင်ဂေါကိုတွေ့ခဲ့ရသည်။ 


 ဆရာမကြီးမှာအားလပ်ရက်တွင်အမေရိကန်သို့ ခေတ္တပြန်ခြင်း ဖြစ်ရာ  မင်းရှောလူးကတွေ့ဆုံ ပြီး အကျိုးအကြောင်းပြောပြခဲ့သည်။ ပညာလိုလားသူ မင်းရှောလူးအကြောင်းကို ဆရာမကြီးက သင်္ဘောကပ္ပတိန်အားတစ်ဆင့်ပြောပြပေးသည်။ လမ်းစရိတ်မရှိသူ မင်းရှောလူးမှာ သင်္ဘောပေါ် ရှိ စားသောက်ခန်းတွင် စားပွဲထိုးလုပ်ကိုင်ရင်း လိုက်ပါခွင့် ရရှိခဲ့သည်။

အမေရိကန်နိုင်ငံသို့အရောက်တွင် ဆရာမကြီးကနယူးယောက်မြို့မှ ကုန်သည်တစ်ဦးနှင့် လူဝီစ ဘတ် တက္ကသိုလ်မှပါမောက္ခတစ်ဦးအားဆက်သွယ်ပေးသည်။ ၁၈၅၉ခုနှစ်တွင် မင်းရှောလူး လူဝီစဘတ်တက္ကသိုလ်သို့ ဝင်ခွင့်ရသွားသည်။ ထိုသို့ဖြင့် ပါမောက္ခတစ်ဦး၏အိမ် တွင် တစ်နာရီ ဆယ်ဆင့်ဖြင့် အလုပ်လုပ်ကိုင်ရင်း ကျောင်း တက်သည်။ ကျောင်းပိတ် ရက်များ တွင် အခြား မြို့ကြီးများသို့သွားရောက်ကာ မြန်မာ့ဓလေ့နှင့် မြန်မာလူမျိုး များအကြောင်း   ဟောပြောခြင်းဖြင့် ဝင်ငွေရှာသည်။

မောင်ရှောလူးကတက္ကသိုလ်မှဘွဲ့ရသော်လည်း ပညာကိုဆက်လက်ဆည်းပူးလိုသေးသည်။ ထို့ကြောင့်အိုဟိုင်းယိုးပြည်နယ်ဆေးကောလိပ်တွင် ဆေးပညာကိုဆက်လက်ဆည်းပူးပြန်သည်။ သုံးနှစ်အကြာ (၁၈၆၇) ခုနှစ်တွင် ဆေးပညာ MA ဘွဲ့ကိုရရှိခဲ့သည်။

မောင်ရှောလူးငယ်စဉ်ကပင်ဆေးပညာရှင်ဖြစ်ချင်စိတ်ပြင်းပြခဲ့သည်။ သူတို့၏မိသားစုမှာ ဆရာယုဒသန်နှင့် မော်လမြိုင်မြို့တွင်တစ်ရပ်ထဲအတူနေခဲ့ဖူး၏။ ဆရာယုဒသန်မော်လမြိုင်မြို့ တွင် နာမကျန်း ဖြစ်သောအခါ ကုသပေးမည့်ဆေးပညာရှင် တစ်ဦးတစ်ယောက်မျှမ ရှိသောကြောင့် နိုင်ငံရပ်ခြားတွင် ကုသရန် သင်္ဘောဖြင့်တင်ဆောင်ပေးကြရာ လမ်းခရီးတွင် ကွယ်လွန်သွားခဲ့သည်။ မိမိအားနှစ်ခြင်းခံပေးခဲ့သော ဆရာယုဒသန်၏ အဖြစ်ကြောင့် ပင်   မောင်ရှောလူးမှာ ဆေးပညာရှင်တစ်ဦးဖြစ်ရန် ဆန္ဒရှိခဲ့သည်။

ဒေါက်တာရှောလူးဆေးပညာဘွဲ့ရပြီးနောက်သတင်းကြားသိရသူအမေရိကန်သမ္မတကြီး
အင်ဒရူးဂျွန်ဆင်ကသူ့အားခေါ်ယူတွေ့ဆုံခဲ့သည်။ အမေရိကန်သို့ လာရောက်သည့် ပထမ ဆုံးမြန်မာပညာတော်သင် ကျောင်းသားကို ဝမ်းမြောက်ဝမ်းသာတွေ့ဆုံခဲ့ သည် ။   ဒေါက်တာရှောလူးက မြန်မာနိုင်ငံသို့ ပြန်တော့မည့် အကြောင်းပြောပြရာ သမ္မတကြီး က မြန်မာဘုရင် မင်းတုန်းမင်းထံ ထောက်ခံ စာတစ်စောင်   ရေးပေးလိုက်သည်။ ယင်းစာတွင် ဘုရင်မင်းမြတ်အနေဖြင့် ဒေါက်တာရှောလူး အားထိုက် သင့်သလောက် ချီးမြှင့်စောင့်ရှောက် လိမ့်မည်ဟု မျှော်လင့်ကြောင်းပါရှိသည်။ မင်းတုန်းမင်း သည် ဒေါက်တာရှောလူး အားကောင်း စွာ လက်ခံတွေ့ဆုံခဲ့ပြီး မြောက်ဥယျာဉ်တော်အတွင်းရှိ အဆောင်တော်တွင် နေထိုင်စေပြီး ပွဲတော်အုပ်နေ့စဉ် ပို့ပေးခဲ့သည်ဆို၏။

ဒေါက်တာရှောလူးသည် ရတနာပုံနေပြည်တော်တွင် ရက်သတ္တပတ် သုံးပတ်ကြာနေထိုင် ခဲ့ပြီးနောက် ရန်ကုန်သို့ပြန်ဆင်းလာခဲ့သည်။ ထို့နောက်မော်လမြိုင်သို့ပြန်ကာ ကိုယ် ပိုင်ကျောင်းဆောက်ကာ ကျောင်းသား (၃ဝ)ခန့်ကိုစာသင်ပေးသည် ။ ခြောက်လအကြာ တွင်   မော်လမြိုင်မြို့အေဘီအမ်ကျောင်း၌ ကျောင်းဆရာ လုပ်ပြန်သည် ။ ကျောင်းဆရာ ဘဝဖြင့် ဆယ်နှစ်ခန့်ကြာခဲ့သည်။ ယင်းနောက် ကျေးဇူးရှင်ဖြစ်သော သုံးဆယ်မြို့မှ ဆရာမကြီး ၏ကျောင်း တွင် သုံးနှစ်မျှ ကျောင်းဆရာလုပ်ပြီး ကျေးဇူးဆပ်သည်။

ဒေါက်တာရှောလူးသည် ကျောင်းဆရာလုပ်နေရသော်လည်း ဆေးကုသရေး၌သာ ဝါသနာထုံ သည်။သို့သော်ဗြိတိသျှအစိုးရက ဆေးကုသရေးတွင်သူ့အားနေရာမပေးလိုကြပေ။ မြန်မာ   လူမျိုး ဆရာဝန်ဟူ၍ အသိအမှတ်ပြုလိုဟန်မရှိသဖြင့် ဆေးဘက် တွင်အကြိမ် ကြိမ်   လျှောက် ထားသော်လည်း မရရှိခဲ့ပေ။ ပညာရေးဘက်တွင်သာ အမှုထမ်းရန် ရာထူးကြီး များပေး သည်။ ရန်ကုန်၌ကျောင်းဆရာလုပ်နေစဉ် ဗြိတိသျှ စစ်ဗိုလ်တစ်ဦး၏သမီး မစ္စလူရီပရဲ ရားနှင့် အိမ်ထောင်ကျကာ သားငါးဦး၊ သမီးနှစ်ဦးထွန်းကားခဲ့သည်။

ဒေါက်တာရှောလူးသည် ကျောင်းဆရာအဖြင့် ဆက်လက်လုပ်ကိုင်လိုစိတ် မရှိတော့   သောကြောင့်    မော်လမြိုင်သို့ပြန်ကာ အမေရိကန်သာသနာပြု ဆရာဝန်မကြီး   ဒေါက်တာ အယ်လင်းမစ်ချယ်ထံတွင် အကူ ဆရာဝန်ဝင်လုပ်၏။ ၁ဝနှစ်ခန့် အကူဆရာဝန် လုပ်ခဲ့ပြီး   နောက် ဒေါက်တာရှောလူး ကိုယ်ပိုင်ဆေးခန်း ဖွင့်သည်။ တစ်ဖက်မှလည်း မော်လမြိုင် အစိုး ရကျောင်းနှင့် နော်မန်အုပ်ချုပ်ရေးအဖွဲ့များတွင်ပါဝင်ကူညီ ဆောင်ရွက် ပေးသည်  ။ ထိုစဉ် အတွင်းဇနီးသည် မစ္စပရဲရား ကွယ်လွန်၍ ဒေါ်ရွှေနှင့် ဒုတိယအိမ်ထောင်ပြုခဲ့သည်။

ဒေါက်တာရှောလူးသည် အသက်၇၄နှစ် အရွယ်အထိလျင်မြန် ဖြတ်လတ် စွာ ဆေးဝါး ကုသ   ပေးနေဆဲဖြစ်သည်။ ညအချိန်မတော် ဆရာဝန်ပင့်လျှင်လည်း မဆိုင်းမတွလိုက်လံ ကုသပေး တတ်သည်။ သူကပညာကို ကြိုးစားသင်ယူခဲ့သည့်နည်းတူ အလုပ်ကိုလည်းကြိုးစား လုပ်ကိုင် တတ်၏။ နေ့စဉ် နံနက်လေးနာရီ အိပ်ယာမှထကာ ရေမိုးချိုး၊အဝတ်အစားလဲကာလမ်းလျှောက် ထွက်လေ့ရှိသည်။ မော်လမြိုင်မြို့ ကမ်းနားလမ်းရှိ သူ၏နေအိမ်အောက်ထပ်တွင် ကွပ်ပျစ်လေး ခင်းကာ တစ်ဦးထဲအိပ်စက်လေ့ ရှိသည်။

တစ်နေ့နံနက်တွင် ဇနီး၊သားသမီးများအားလိုက်လံနှိုးကာ အောက်ထပ်သို့ဆင်းလာကြရန် မှာကြား သည်။ ထို့နောက်သူကဦးစွာဆင်းသွားပြီး ကွပ်ပျစ်ထက်၌လဲလျောင်းနေလိုက်သည်။ မိသားစုက ဒေါက်တာရှောလူး၏ ထူးခြားသောအပြုအမူကြောင့် အောက်ထပ် သို့ဆင်းလာကြ ရာ ကွပ်ပျစ်ထက်၌ ကွယ်လွန်သွားပြီဖြစ်သော ဒေါက်တာရှောလူး ကို တွေ့ကြရသည်ဟူ၏ ။ ဒေါက်တာရှောလူးမှာ သူလက်ထပ်စဉ်က ဝတ်ဆင်ခဲ့သော အနောက်တိုင်းဝတ်စုံကို ဆင်မြန်း ထားကြောင်း ထူးခြားစွာတွေ့ကြရသည်။

(၁၉၂၉)ခုနှစ် အောက်တိုဘာ(၁ဝ)တွင် ကွယ်လွန်ခဲ့သောဒေါက်တာရှောလူး၏ ဈာပနမှာ စည်ကား လှသည်။ ခရစ်ယာန်ဘုန်းကြီးများသာမက မြန်မာဘုန်းတော်ကြီးများပါ တက်ရောက် ခဲ့ကြကြောင်း မှတ်တမ်းများကဆိုသည်။ ဒေါက်တာရှောလူးကို ဂူသွင်းသဂြိုလ်ခဲ့ကြပြီး အုတ်ဂူ ထက်တွင် In Sacred Memory of Dr.Shaw Loo Die 10-10-1929˜ Age 91 years "All the way Saviour Leads me"  ဟုရေးထိုးထားပေးကြပါသည်။

ဒေါက်တာရှောလူး၏ ပထမအိမ်ထောင်မှသမီးများမှာ ဥရောပတိုက်သားများနှင့်သာ အိမ်ထောင် ကျခဲ့ ကြပြီး ရန်ကုန်မြို့၌ကွယ်လွန်ခဲ့ကြသည်။ ဒုတိယဇနီး ဒေါ်ရွှေမှာ ထားဝယ် သူဖြစ်ပြီး သမီးကြီးဒေါ်တင်တင် (အင်မလီးရှောလူး- မော်တလိန်းကျောင်း ဆရာမ)၊ သား   သောမတ်ရှော (မီးရထားဆရာဝန်)နှင့် သမီးငယ် အဲလစ်ဇဘတ်ရှောလူး (စိန့်မတ်သ ရူးကျောင်းဆရာမကြီး)တို့ကိုဖွားမြင်ခဲ့ပါသည်။ ဒေါက်တာရှောလူး၏သမီးကြီး ဒေါ်တင်တင်မှ
 မွေးဖွားသူ ဒေါ်မေစီမှာ အဖိုးဖြစ်သူ ဒေါက်တာရှောလူးအကြောင်းကို ကောင်းစွာပြောပြနိုင်ပြီး အသက်၈၂နှစ်အရွယ်အထိ ကျန်းမာရေးကောင်းမွန်နေပါသည်။


မှတ်ချက်။ ။၂ဝဝ၈ခုနှစ်ဒီဇင်ဘာ(၂၄)ရက်ထုတ်Weekly Elevenဂျာနယ်မှ ဆရာတင်နိုင်တိုး၏ ဆောင်းပါးမှ ထပ်ဆင့်ဖေါ်ပြပါသည်။

No comments:

Post a Comment